သိကောင်းစရာမွေးရာပါ နှလုံးရောဂါများ
မွေးရာပါ နှလုံးရောဂါဟာ မွေးရာပါချို့ယွင်းချက် ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ အရှင်မွေးတဲ့ ကလေး ၁၀၀၀ မှာ ၈ ယောက်ကနေ ၁၂ ယောက်ထိဟာ မွေးရာပါ နှလုံးရောဂါ ပါလာနိုင်ပြီး အဲဒီကလေးတွေထဲက ၂၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါလက္ခဏာ ပြင်းထန်လေ့ရှိပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ??
အများစုမှာ ဘာကြောင့်ဖြစ်ရမှန်း သေချာမသိရပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတချို့တော့ ရှိပါတယ်။
- ဒေါင်းရောဂါလက္ခဏာစု (Down's syndrome) လို့ခေါ်တဲ့ မွေးရာပါ ချို့ယွင်းချက်ရှိတဲ့ ကလေးတွေ ဆိုရင်
- ကိုယ်ဝန်ဆောင်ချိန်မှာ အမေက ဆေးလိပ်၊ အရက်သောက်ရင်
- ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးစွဲသင့်တဲ့ တချို့ဆေးတွေ သောက်သုံးရင် (Diazepam အုပ်စုထဲက အတက်ကျဆေးလိုမျိုးတွေ ၊ ဝက်ခြံကုသရာမှာ သုံးတဲ့ Retinolလို ဆေးတွေ၊ NSAIDS အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ စသဖြင့်)
- ကိုယ်ဝန် ပထမ ၃ လအတွင်းမှာ အမေက တုပ်ကွေးရောဂါဖြစ်ရင်
- အမေမှာ ဆီးချိုရှိပြီး ဆီးချိုပမာဏကို ပုံမှန်အတွင်း မထိန်းနိုင်ရင်
- ကိုယ်ဝန် ပထမ ၁၀ ပတ်အတွင်း အမေက ဂျာမန်ဝက်သက်လို့ခေါ်တဲ့ Rubella ပိုး ကူးစက်ခံရရင် ကလေးမှာ မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။
ဘယ်လို ရောဂါလက္ခဏာ တွေ့ရမလဲ??
ချွတ်ယွင်းချက်အပေါ် မူတည်ပါတယ်။ ချွတ်ယွင်းချက် သိပ်ကြီးကြီးမားမား မဟုတ်ရင် အရွယ်ရောက်တဲ့ထိ လက္ခဏာမပြဘဲ ပုံမှန်လို နေနိုင်မှာပါ။ ချွတ်ယွင်းချက် ကြီးမားရင်တော့ မွေးပြီးပြီးချင်း မကြာခင်ပဲ လက္ခဏာတွေပြလို့ သိနိုင်ပါတယ်။
- နှလုံးခုန်နှုန်း မြန်ခြင်း
- အသက်ရှူ မြန်ခြင်း
- ခြေထောက်၊ လက်နဲ့ ဝမ်းဗိုက်ဖောရောင်ခြင်း
- နို့တိုက်စဥ် မောပန်းပြီး အသက်ရှူမြန်ခြင်း
- နှုတ်ခမ်းနဲ့ ခြေသည်းလက်သည်းများ ပြာနှမ်းခြင်း စသည်တို့ကို ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး တွေ့နိုင်ပါတယ်။
အတွေ့များတဲ့ မွေးရာပါ နှလုံးရောဂါတွေက ဘာလဲ??
ခုဖော်ပြပေးမယ့် အမျိုးအစားတွေကတော့ တွေ့များတဲ့ မွေးရာပါ နှလုံးရောဂါ အမျိုးအစားတွေဖြစ်ပါတယ်။
- နှလုံး သွေးဝင်ခန်း၊ သွေးလွှတ်ခန်းကြား အမြှေးပါး ချွတ်ယွင်းခြင်း (Septal defects- ventricular Septal defects and Atrial Septal Defects)
- နှလုံးသွေးလွှတ်ကြောမကြီး ပုံမှန်ထက် ကျဥ်းခြင်း (Coarctation of Aorta)
- ညာဘက်သွေးလွှတ်ခန်းနဲ့ အဆုတ်သွေးလွှတ်ကြော ကြားရှိ အမြှေးပါး ပုံမှန်ထက် ကျဥ်းခြင်း (Pulmonary Valve Stenosis)
- အဓိက သွေးကြောများ နေရာလွဲမှားနေခြင်း (Transposition of Great Arteries)
- နှလုံးက ပုံမှန်အနေအထားထိ ဖွံ့ဖြိုးမှု မရှိခြင်း (Underdeveloped Heart)
စတာတွေက အဖြစ်များပါတယ်။
ဘယ်လို ကုသမလဲ??
ချွတ်ယွင်းချက်အပေါ် မူတည်မှာပါ။ ကုသစရာမလို၊ ရောဂါလက္ခဏာ မပြတာလည်း ဖြစ်နိုင်သလို ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ တချို့လူနာတွေက ဘဝတစ်လျှောက်လုံး စစ်ဆေးပြီး ကုသမှုခံယူသွားရန် လိုအပ်နိုင်တာမို့ အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေရင် နှလုံးအထူးကုဆရာဝန်ကြီးနဲ့ ပြသပြီး ဆွေးနွေးစစ်ဆေးသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။